Social Icons

Pages

Wednesday, June 12, 2013

နယ်သတင်းများ (၁၂-၆-၂၀၁၃) ဗုဒ္ဓဟူးနေ့

တောင်ကြီးမြို့ပေါ် လေပြင်းတိုက်ခတ်မှုကြောင့် ကားလမ်းပေါ်သစ်ပင်ပြိုလဲ
တောင်ကြီး



ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တော ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအနီး အရှေ့ မြို့ပတ်လမ်း ကားလမ်းကြီး ပေါ်၌ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်က လေပြင်းများ တိုက်ခတ် မှုကြောင့် ကားလမ်းဘေးရှိ အရှည် ပေ ၃၀ ပေ ၊ လုံးပတ် ၂ ပေခန့်ရှိ စိန်ပန်းပြာပင်မှာ ကားလမ်းမပေါ် ကန့်လန့်ဖြတ် ပြိုလဲကျပြီး လမ်းသွားလာမှု ခေတ္တ ပိတ်ဆို့ ခဲ့သည်။ အဆိုပါ ပြိုလဲသစ်ပင် အား မြို့နယ် စည်ပင် သာယာရေး အဖွဲ့ ၊ သန့်ရှင်း ဌာနစိတ်မှ ဒုတိယ ဦးစီးမှူး ဦးမျိုးစန်း ဦးဆောင်သော အဖွဲ့ဝင် များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ ၀င်များနှင့် ဒေသခံများမှ ၀ိုင်းဝန်း ရှင်းလင်း ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြီးစီးခဲ့ကာ ယာဉ်များ ပုံမှန် ပြန်လည် သွားလာနိုင် ခဲ့ကြောင်း သိရှိရသည်။

၂၁ ကြိမ်မြောက် နိကာယ်ငါးရပ် စာမေးဖြေဆိုပွဲကျင်းပ
တောင်ကြီး ၊ ၁၂-၆-၂၀၁၃



ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၌ ၂၁ ကြိမ်မြောက် နိကာယ်ငါးရပ် စာမေးပွဲကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ ၊ မြို့လယ် ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ် သံဃာ့ နာယက ဥက္ကဋ္ဌ ဆရာတော် ဦးနာယက နှင့် အကျိုးဆောင် ဆရာတော်များ ၊ ပြည်နယ် သာသနာရေး ဦးစီးဌာနမှ ပြည်နယ် သာသနာရေး ဦးစီးမှူး ဦးမြင့်နိုင် ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့လယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိ သူများ ၊ ကျောင်းတိုက် အသီးသီးမှ စာဖြေ သံဃာတော် များနှင့် သီလရှင်များ တက်ရောက် ကြကြောင်း သိရသည်။ အဆိုပါ ၂၁ ကြိမ်မြောက် နိကာယ်ငါးရပ် စာမေးပွဲ ဖြေဆိုရန် ကျောင်းတိုက် အသီးသီးမှ စာရင်းသွင်း သံဃာတော် ၁၀၅ ပါးအနက် သံဃာတော် ၆၈ ပါး နှင့် သီလရှင် ၄ ပါး အပါအ၀င် စုစုပေါင်း ၇၂ ပါး ၀င်ရောက် ဖြေဆိုလျက် ရှိပြီး အဆိုပါ စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့ အထိ နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ အထိ ဖြေဆို သွားမည်  ဖြစ်ပြီး မြို့နယ် သံဃာ့ နာယက ဥက္ကဋ္ဌ ဆရာတော်ကြီး နှင့် ပြည်နယ် သာသနာရေး ဦးစီးဌာန ၊ မြို့လယ် ဓမ္မာရုံ ဂေါပက ဥက္ကဋ္ဌ တို့က အနီးကပ် ကြီးကြပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ် တို့တွင် ရထားလမ်းချော်မှု ဖြစ်ပွား
မော်လမြိုင်

မွန်ပြည်နယ် ၊ ရေးမြို့မှ ထွက်ခွာလာသော ရေး - မော်လမြိုင် - ရန်ကုန်  ပြေးဆွဲသည့် မြန်မာ့မီးရထား အမှတ် ၁၇၆ အစုန် သည် ဘီးလင်းမြို့နယ် ၊ တောင်စွန်းဘူတာ အလွန် ရန်ကုန် - မော်လမြိုင် ရထားလမ်း မှတ်တိုင် အမှတ် ၁၀၃ အရောက်တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်က စက်ခေါင်း အမှတ် DF 1247 နှင့် အထက်တန်းတွဲ အမှတ် GDUEZ 1194 တွဲ ၂ တွဲ လမ်းချော်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ရထား လမ်းချော်မှု ကြောင့် ခရီးသည်များ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ အဆိုပါ လမ်းချော် ရထားတွဲ များကို မြန်မာ့ မီးရထား အင်ဂျင်နီယာ အဖွဲ့မှ ပြန်လည် မတင် ခဲ့ရာ နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် ပြီးဆုံး၍ ရထားများ ပုံမှန် ပြေးဆွဲနိုင် ခဲ့သည်။

အလားတူ မော်လမြိုင် မှ နေပြည်တော် သို့ ထွက်ခွာ လာသည့် အမှတ် ၁၈ အစုန် မော်လမြိုင် - နေပြည်တော် အမြန် လူစီးရထား သည် ကျိုက်ထိုမြို့နယ် မုပ္ပလင် ကျေးရွာ ၊ မုပ္ပလင် ဘူတာအ၀င် ရထားလမ်း မိုင်တိုင် အမှတ် ၈၄/၉ နှင့် ၈၄/၁၁ ကြားအရောက်တွင် ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ရိုးရိုးတန်း ၃ တွဲ လမ်းချော် ခဲ့ကြောင်း သိရသည်။ လမ်းချော်မှု ကြောင့် ခရီးသည်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း နှင့် အဆိုပါ လမ်းချော်သည့် နေရာသို့ မြန်မာ့ မီးရထား အင်ဂျင်နီယာ ဌာနမှ စက်မှု ကျွမ်းကျင်(၃) ဦးမြင့်အေး ပါ ၁၀ ဦးအဖွဲ့မှ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ရောက်ရှိ ပြင်ဆင်လျက် ရှိကြောင်း သိရှိရသည်။

သုံးထပ်တိုက်ခေါင်မိုးပေါ် ဂက်စ်အိုးမီးလောင်မှုဖြစ်
တာချီလိတ်



ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိပ်မြို့ ၀မ်းကောင်း ရပ်ကွက် တွင် ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်က အမှတ် ၂/၁၈ သုံးထပ်တိုက် အပေါ် ခေါင်မိုး အထပ်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ခေါင်မိုးပေါ်တွင် အခန်းဖွဲ့၍ အကြော်ကြော်သူ ဦးအုန်းရွှေ ၏ အခန်း၌ ဂက်စ်မီးဖို နှင့် မီးသွေးမီးဖို နှစ်မျိုး သုံးစွဲရာမှ ဂက်စ်အိုး ၏ ဂက်စ်ပိုက် ပေါက်ကာ မီးသွေးမီးဖိုမှ မီးကူးပြီး ဂက်စ်မီးလောင် ခဲ့ရာ အဆိုပါ အခန်းတွင် နေထိုင်သူ ဦးအုန်းရွှေ ၊ ဒေါ်စိုးစိုး ၊ ဒေါ်နန်းစု နှင့် နေပိုင်စိုး တို့ ၄ ဦး မီးလောင်ကျွမ်း ဒဏ်ရာ အနည်းငယ်စီ အသီးသီး ရရှိခဲ့ ကြသည်။ မီးလောင်ရာသို့ တာချီလိတ် မီးသတ် ဌာနမှ မီးငြိမ်းသတ်ယာဉ် ၄ စီး နှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ ၊ ရဲတပ်ဖွဲ့ ၀င်များနှင့် ရပ်ကွက်နေ ပြည်သူများ မှ ၀ိုင်းဝန်း ငြိမ်းသတ် နိုင်ခဲ့သဖြင့် ည ၁၁ နာရီခွဲ အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့သည်။ အဆိုပါ အခန်းပိုင်ရှင် ဦးအုန်းရွှေ အား တာချီလိတ် ရဲစခန်း မှ (ပ) ၁၁၉ / ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၁၃/၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

တောင်သူအချို့ ရိုးရာမပျက် ကျွဲ နွားမျာဖြင့်သာ ထွက်ယက်စိုက်ပျိုးလျက်ရှိ
မြိတ်



ယခင်က တောင်သူ လယ်သမားများ သည် လယ်ယာမြေ များကို ကျွဲ၊ နွားများဖြင့်သာ ထွန်ယက် စိုက်ပျိုးခဲ့ကြပြီး လက်မှု လယ်ယာမှ စက်မှု လယ်ယာသို့ ပြောင်းလဲကာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်လာသည် နှင့်အညီ ကျွဲ ၊ နွားများအစား ထွန်စက် ၊ လက်တွန်း ထွန်စက်များဖြင့် လယ်ယာမြေ များကို ထွန်ယက်စိုက်ပျိုး လာ သည်ကို တွေ့ရသည်။ စက်ကိရိယာများဖြင့် ထွန်ယက် စိုက်ပျိုးခြင်းသည် အချိန်ကုန် သက်သာ သော်လည်း မြိတ်မြို့နယ် အတွင်းရှိ အချို့သော တောင်သူ အချို့သည် ယခုနှစ် မိုးရာသီအတွက် ရိုးရာမပျက် အိမ်မွေး ကျွဲ ၊ နွားများဖြင့် သာ ထွန်ယက် စိုက်ပျိုးလျက် ရှိသည်ကို မြိတ်မြို့ စန္ဒ၀တ် ကျေးရွာအုပ်စု ၊ ကျောက်ဖြူတောင် ကျေးရွာရှိ လယ်ယာမြေများတွင် တောင်သူအချို့ ထွန်ယက် စိုက်ပျိုးလျက် ရှိသည်ကို တွေ့ရှိရသည်။ ကျွဲ ၊ နွားများသည် လယ်ယာမြေ လုပ်ကိုင်ရာတွင် ထွန်ယက် စိုက်ပျိုးခြင်း လုပ်ငန်းများ အပြင် ပစ္စည်းများ သယ်ယူရာတွင် အသုံးဝင်လျက် ရှိနေကြောင်း ၊ စပါးရိတ်သိမ်း သည်အထိ ဆက်လက် အသုံးပြု နေရကြောင်း နှင့် စပါးရိတ်သိမ်း ပြီးချိန်တွင် သစ်ဆွဲ ၊ ၀ါးဆွဲ လုပ်ငန်းများတွင် လည်း အဆိုပါ ကျွဲ ၊ နွားများ ရှိနေခြင်းကြောင့် အဆင်ပြေ လျက်ရှိပြီး ဆက်လက် မွေးမြူသင့်ကြောင်း တောင်သူများ ထံမှ သိရှိရသည်။

မြိတ်မြို့၌ မြေသားလမ်းသစ် ဖောက်လုပ်
မြိတ်



တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်မြို့ ၊ ကလွင် ကျေးရွာအုပ်စု ဒေသခံ ပြည်သူများ သွားလာရေး အဆင်ပြေ စေရန်အတွက် ချောင်းကူငယ် ကျေးရွာ ၊ ရွှေပြည်သာ လမ်းမှ မြို့ပတ် ၂ လမ်းအထိ ချောင်းကူးငယ် ရပ်ကွက် နှင့် တောင်ပြိုမြို့ပတ် ၂ လမ်း ဆက်သွယ် မြေသားလမ်း အနံပေ ၃၀ ၊ အရှည်ပေ ၂၀၀၀ ရှိလမ်းကို လမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟိုးလွင် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ဦးမြင့်စိုး ၊ ဦးမျိုးမြတ် နှင့် ဦးသက်နိုင်ထွန်း တို့က ကြီးကြပ်၍ ရပ်ကွက်နေ ပြည်သူများဖြင့် ကိုယ့်အားကိုယ်ကိုး ကာ စက်ယန္တရားများ အသုံးပြု၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မြေသားလမ်း ဖောက်လုပ် ပြီးစီးပါက ရပ်မိရပ်ဖ များ အလှူရှင်များ ပါဝင် လှူဒါန်းမှုဖြင့် ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကို လမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ထံမှ သိရသည်။ အဆိုပါ လမ်းဖောက်လုပ် ပြီးစီးသွားပါက ရပ်ကွက်နေ ပြည်သူများ သွားလာမှု အဆင်ပြေ လွယ်ကူ သွားမည် ဖြစ်ပြီး အဆိုပါ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရေထုတ်မြောင်း များကိုလည်း ဆက်လက် တူးဖော် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းအပ်နှံ
ကလော



ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ၊ ဘော်ဆိုင်း ကျေးရွာအုပ်စု ၊ ပုန်းတပ် ကျေးရွာ အခြေခံ မူလတန်းကျောင်း (ခွဲ)၌ ၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကျောင်းဆောင်သစ် လွှဲပြောင်း အပ်နှံပွဲ အခမ်းအနား ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနား သို့ ကလောမြို့နယ် ပညာရေးမှူး ဦးခင်မောင်မြင့် ၊ လူမှုရေး အသင်းအဖွဲ့ များ ၊ ကျောင်းဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဒေသခံ ရွာသူ ရွာသားများ တက်ရောက် ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနား တွင် ကျောင်းဆောင်သစ် အဆောက်အဦ အား ကလောမြို့နယ် ပညာရေးမှူး ဦးခင်မောင်မြင့် နှင့် တာဝန်ရှိ သူတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး မြို့နယ် ပညာရေးမှူး က အမှာစကား ပြောကြား ခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီက ကျောင်းဆောင်သစ် နှင့် ပတ်သက်သော အခြေအနေ များအား ရှင်းလင်း ပြောကြားပြီး ကျောင်းဆောင်သစ် နှင့် ပတ်သက်သော စာရွက်စာတမ်း များအား မြို့နယ် ပညာရေးမှူး ထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...